Monday, August 1, 2011

အဝေးကအိမ် သို့..



“ ညဝေးကြယ် ” တကယ်ပဲ ကျွန်တော် ညဝေးကြယ် ဖြစ်နေတာလားကွာ အိမ်ဆိုတဲ့ အေးမြတဲ့အရပ်နဲ့ ဝေးနေရပြီလေ..

အဝေးကအိမ် သို့... တစ်ခါတစ်ခါ အိမ်ကနေ အပြင်ထွက်လာခဲ့မိတဲ့ ဘဝကို တော်တော်လေး နောင်တရမိပါတယ်..

“ အဲ့ဒီအိမ်မှာ နိုင်ငံတော်အကြီးအကဲ မရှိဘူး လိုအပ်ရင် ကုန်းမြင့်ရိပ်သာ ဖြစ်သွားနိုင်တယ်။ အဲ့ဒီ့အိမ်မှာ စီးပွားရေးလုပ်ငန်းရှင် မရှိဘူး လိုအပ်ရင် shopping mall ဆောက်ပေးနိုင်တယ်။ အဲ့ဒီ့အိမ်မှာ ကမ္ဘာကျော်စားဖိုမှုး မရှိဘူး လိုအပ်ရင် 5 stars စားသောက်ဆိုင် ဖွင့်ပေးနိုင်တယ်။ အဲ့ဒီ့အိမ်မှာ သမားတော် မရှိဘူး လိုအပ်ရင် အထူးကုဆေးရုံလို လိုလေသေးမရှိ ဂရုစိုက်ပေးနိုင်တယ်။ အဲ့ဒီအိမ်မှာ ကျွန်တော့်မိသားစုပဲ ရှိပါတယ် ဒါပေမယ့် အရာအားလုံး ဖြည့်စည်းပေးနိုင်တယ်။ ”

မနေ့က တော်တော်လေးဖျားနေတယ် စနေနေ့ကအလုပ်မတက်တော့ အလုပ်က ၂ ရက်စာလုပ်နေရတယ် လူကနေမကောင်း ဖျားကလဲဖျားနေတော့ တော်တော်ကသီတယ် အလုပ်လုပ်ရတာ နှာစေးတာလဲ အရမ်းပဲ ဘေးကလူကို အားမနာနိုင်တော့ဘူး တရှီးရှီးဖြစ်နေတော့ အဖျားကြီးတော့ ခေါင်းကထိုးကိုက်လာတယ် ဆိုင်မှာလဲ တစ်ယောက်ကနေမကောင်းတော့ Installment, Over sea credit card ဆို ဆိုင်ဘက်ပြေးရပြန်ပြီ ဆိုင်နဲ့ ရုံးခန်းက ဝေးနေတော့ လမ်းလျှောက်လိုက်တိုင်း ခေါင်းကို တက်တက်ဆောင့်တယ် အမှန်ဆို ကျွန်တော်ဆေးခန်းပြချင်တယ် လကုန်ရက်ဆိုတော့ ပိုက်ဆံပြတ်နေပြီ ထမင်းစားဖို့တောင် မလောက်ဘူး တော်တော်လေး ဝမ်းနည်းသွားတယ် မျက်ရည်ကျမိတယ် ငါသာ အိမ်မှာဆို အဲ့လိုမဖြစ်ဘူးဆိုတဲ့ အတွေးက နှိပ်စက်နေတယ် တခါတခါ ဘဝကတော်တော်လေး ခါးသီးတယ်ဗျာ။

ကျွန်တော်အိမ်မှာ နေမကောင်းရင် အရမ်းဂရုစိုက်ခံရတာ ဆေးခန်းမသွားနိုင်ရင်တောင် အမေက ချော့ခေါ်တယ် သမီးမလျှောက်နိုင်ရင် ဆိုက်ကားနဲ့သွားမယ် ကားငှားသွားမယ်ဆိုပြီး လိုက့်ပို့တယ် ဘာမှမစားနိုင်ရင်လဲ ကျွန်တော်နေတဲ့ တိုက်ခန်းအပေါ်ထပ်ကနေ သူဒူးနာနေတဲ့ကြားက ကျားကွက်သစ်ထဲ ဆင်းပြီး ကျွန်တော်ကြိုက်တဲ့ အစားအစာ သူကိုယ်တိုင် သွားဆင်းဝယ်ပေးတယ် မိဘမေတ္တာများ အရမ်းတန်ဘိုးကြီးတယ် အဖေရုံးက ပြန်လာရင်လဲ သမီးငယ်နေမကောင်းဘူးဆိုတာနဲ့ အဖေကဆူရော ကလေးကိုဆေးခန်းမပြဘူးလား ဘာလား ညာလား ပြီးရင်မေးပြီ သမီးဘာစားမလဲ အဖေသွားဝယ်မယ်ဆိုတာကြီးပဲ ကျွန်တော်က သူများအတွက် လူကြီးဖြစ်ချင်ဖြစ်နေမယ် ကျွန်တော့်မိသားစုမှာတော့ ပီဘိကလေးပဲ အတောင်မစုံတဲ့ငှက်ပဲ။

ကျွန်တော် နေမကောင်းဘူးဆိုတာ သိရင် အိမ်ကစိတ်ကောင်းမှာ မဟုတ်ဘူး အဲ့လိုပိုက်ဆံမရှိလို့ ဆေးခန်းမပြနိုင်တာသိရင် တော်တော်ဝမ်းနည်းမှာ အဖေက သူဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်တော်လိုချင်တဲ့ ငွေ၊ပစ္စည်းဘာမှဆို အကုန်ဖြည့်စည်းပေးခဲ့တာလေ အဲ့လို မိသားစုမှာ ကြီးပျင်းခဲ့ရတဲ့ သူအတွက် မနေ့က အဖြစ်အပျက်က တော်တော်လေး နာကျင်ရတယ် ခုပြန်တွေးလိုက်မိတာတောင် မျက်ရည်ကျတယ်လေ။

အရင်ထဲက လကုန်ခါနီးဆို ပိုက်ဆံပြတ်တယ် လစာက ၁ရက်နေ့မှ cheque သွင်းတာ ဘဏ်မပိတ်ရင် ၃ရက်မှ cheque က ဝင်တာ တစ်နေ့က ဖိနပ်က ပြတ်သွားတော့ ဖိနပ်ဝယ်လိုက်တယ် ၅၀က ဖိနပ်ဘိုးကုန်သွားတယ် လကုန်ထိ အတိအကျတွက်ထားတဲ့ ပိုက်ဆံက ထမင်းစားဖို့တောင် မလောက်မငှဖြစ်သွားတယ် လက်ထဲမှာရှိတာက ၄၀ တစ်ရက် ၁၀နှုန်းနဲ့ မနေ့မနက်က ပဲနို့ဝယ်သောက်တာနဲ့ ၃ကျပ်ကုန်သွားတယ် ကြာဆံပြုတ်က ၆ကျပ် ပိုက်ဆံ၃၁ကျပ်နဲ့ ဆေးခန်းသွားလို့မရဘူးလေ ဆေးခန်းက ၅၀လောက်ကုန်တာ တော်တော်လေးဝမ်းနည်းသွားတယ် အိမ်ကို ခြစ်ခြုပ်စုပြီးပို့တဲ့ကောင်ဆိုလဲ ထားပါတော့ ပိုက်ဆံမရှိတာ ဖြေသာအုံးမယ် ခုတော့။

ငွေမပို့ဖြစ်တာလဲ ကြာပါပြီ စာအုပ်သက်တန်းတိုးထဲက ဒီကြားထဲလှမ်းတောင်းသေးတယ် ခုလည်းအိမ်ပြန်မယ်ဆိုပြီး လက်မှတ်တောင်ဝယ်ထားတာ သူတို့ဥပဒေပြင်ဆင်လို့ ပြန်ဖို့ကအဆင်မပြေတော့ဘူး လေယာဉ်လက်မှတ်ကလဲ ပလုံတောင် မမြည်လိုက်ဘူး အလဟဿဖြစ်သွားတယ် နှမြောတယ်ဆိုတာထက် အိမ်မပြန်ရဘူးဆိုတဲ့ ခံစားချက်က ပိုဆိုးတာ ဟာတာတာကြီးခံစားလိုက်ရတာ အိမ်ပြန်မယ်ဆိုပြီး အားတင်းထားတာလေ။

ပိုက်ဆံပြတ်တာနဲ့ ပတ်သတ်ပြီး Fri တစ်ယောက်က ပြောပြဖူးတယ် သူ့ခံစားချက်ကို အဲ့တုံးက တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ဒါပေမယ့် ကာယကံရှင် မဟုတ်တော့ သူ့လောက့်မခံစားပေးခဲ့နိုင်ဘူး ကိုယ့်အလှည့်ကျမှပဲ သူ့ကိုကိုယ်ချင်းစာတက်သွားတယ် Fri က ထမင်းကို လခပေးစားတယ် အိမ်ကိုပိုက်ဆံအကုန်လွှဲတယ် အဲ့နေ့က ဆိုင်ကပိတ်တာကို ကြိုမပြောဘူး သူကလဲ စားနေကြအချိန်ရောက်တော့ ထမင်းသွားစားတယ် ဆိုင်ကပိတ်ထားတယ် လကုန်ရက်ဆို ဘယ်သူမှ ပိုက်ဆံမရှိတော့ဘူး သူမှာလဲ ၅ကျပ်တောင် မပြည့်ဘူး အဲ့ဒါနဲ့ မုန့်ပဲဝယ်စားလိုက်ရတယ် ထမင်းဆိုင်ကို ကြိုမပြောလို့ စိတ်ကလဲတို ပိုက်ဆံကမရှိတော့ စိတ်မကောင်းဖြစ် ဝမ်းနည်းလို့ အဲ့ဒီ့မုန့်ဆိုင်နားမှာပဲ ထိုင်ငိုခဲ့တယ်တဲ့ သူများပြောပြတော့ ကိုယ်ချင်းပဲစာနိုင်တယ် ကိုယ်ဖြစ်တော့မှ အဲ့ဒီ့ feeling ကို နားလည်သွားတာ။

ရေခြားမြေခြားမှာ နေရတဲ့ဘဝက နေ့တိုင်းအဆင်မပြေတာကြုံရပါတယ် ဒီလိုပဲ မေ့မေ့ပျောက်ပျောက် ထားလိုက်တာများပါတယ် အရမ်းခံစားမိတဲ့ အကြောင်းအရာကျတော့ သင်္ခန်းစာ ယူရတာပေါ့ဗျာ။

“ ရေခြားမြေခြားမှာ နေနေကြတဲ့ ကျွန်တော် အပါအဝင် fri တွေအကုန်လုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ”

No comments: