Wednesday, December 14, 2011

ကြိုး

ထောင်းခနဲ ဆိုတဲ့အသံနဲ့အတူ
ကြိုးပြတ်သွားခဲ့တယ်။

လူလိမ္မာမဟုတ်ခဲ့တော့
အလျှော့အတင်းဆိုတဲ့
စကားလုံးတွေကို
မျက်ကွယ်ပြုခဲ့သူ...

စောင်းကြိုးလို
အလျှော့အတင်း မညှင်းခဲ့သလို
ဝါယာကြိုးလို
နွေမှာလျှော့ပြီး
ဆောင်းမှာမတင်းနိုင်ခဲ့သူ...

စွန်တစ်ကောင်လို
မာန်မဝင့်ခဲ့ပေမယ်
မှန်စာတိုက်ထားတဲ့ကြိုးလို
မာန်ကြီးခဲ့မိသူ...

တင်းလွန်းရင်ပြတ်
လျှော့လွန်းရင်ပတ်တဲ့
လျှော့ကြိုးကုန်ချိန်ရောက်မှ
ဘွာတေးလုပ်မိသူ...

ဒီလိုနဲ့ပဲ
ဘယ်သူမှမကြားနိုင်တဲ့
ကြိုးပြတ်သံဟာ
ငါ့ နားဝမှာတော့
မိုးချိမ်းသံထက် ကျယ်လောင်လွန်းခဲ့တယ်။

ညဝေးကြယ်။


No comments: