Friday, December 2, 2011

ချစ်သောအမေနဲ့အဖေ... သို့။


အမေနဲ့အဖေ ကျေးဇူးတင်ပါတယ် သမီးကို ဒီအရွယ်အထိ အတက်နိုင်ဆုံးပံ့ပိုးပြီး အနွေးထွေးဆုံး ချစ်ကြင်နာခဲ့လို့ပါ။ တကယ်ဆို သမီးအသက်အရွယ်က ဘဝတစ်ခုကို ခြေစုံရပ်တည်နိုင်ပြီလေ ဒါပေမယ့် သမီးရဲ့အသုံးမကျမှုကြောင့် အရိပ်မမိုးပေးနိုင်ဘူးနော် သမီးဆိုတာ ထီးတဲ့လေ အဲ့ထီးက နေပူမိုးရွာ ကာကွယ်ပေးမဲ့ ထီးရွက်မရှိခဲ့ပါဘူး သမီးကြိုးစားမှာပါ။


ခိုလှုံစရာရင်ခွင်သစ် ရှိနေပြီဆိုလဲ သမီးအတွက့်ကတော့ ရင်ခွင်ဟောင်းကို လိုအပ်နေမြဲပါ ခဏခဏလဲကျတက်တဲ့ သူအတွက့် အိမ်ဆိုတာ နားခိုစရာလေ အတောင်စုံရင်တောင် ခြေစုံမကန်သွားပါဘူး အတောင်စုံမယ့်အချိန် ကျော်လွန်နေခဲ့တာတောင် အဖေရှာဖွေလာတဲ့ အမေခွံကျွေးမယ့် အစားအစာကို အသိုက်မြုံထဲကနေ စောင့်စားနေတဲ့ ငှက်တစ်ကောင်ပါ။


ဘဝဆိုတာက စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ် မဟုတ်ခဲ့ပါဘူး ဒါပေမယ့် သမီးအမြဲ စိတ်ကူးယဉ်တက်တယ် အတွေးအခေါ်ကောင်းတယ်ဆိုတာ ဖန်တီးနိုင်တဲ့သူမှပါ ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပေမယ့်လည်း အဲ့ဒါကိုတဖန်အသုံးချနိုင်မှလေ ခုတော့ ဖန်တီးနိုင်ယုံမှာတင် ရပ်တန့်နေတဲ့ သူတစ်ယောက်အတွက်ကတော့ အရာရောက်တယ်ဆိုတဲ့ ဝေါဟာရ ပိုင်ဆိုင်ဖို့ တော်တော်ကြိုးစားအားထုတ်ရမယ် ထင်ပါတယ်။

ဤခရီးနီးသလား
ငါးနာရီလာရသည်
မီးရထား စီးလာပါ
အလကား မစီးရ။ မူလတန်းကျောင်းနေအရွယ်က သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ်ပါ လူ့ဘဝခရီးက နီးလားဝေးလား မသိရပေမယ့် သမီးသွားနေတဲ့ ခရီးကတော့ လမ်းပျောက်နေတယ်။

ကြီးမိုက်တဲ့ ကိုယ့်ကိုကိုယ် အဲ့ဒီ့ဘွဲပေးလိုက်ပါပြီ အရင်က ပန်းတိုင်ဆိုတာ အရေးကြီးခဲ့သလောက် အခု ပန်းတိုင်ပျောက်တာ နှစ်ချီခဲ့ပါပြီ လမ်းပျောက်နေတာကို စမ်းတဝါးဝါး လျှောက်နေခဲ့သူ မဟုတ်ပါဘူး  လမ်းမှားကို လိုက်နေမိသူပါ။

ခုအရာရာကို ချင့်ချိန်တက်ပါပြီ လူကြီးလုံးလုံးဖြစ်နေတဲ့ အရွယ်ရောက်မှ ချင့်ချိန်တော့မယ့် သူတစ်ယောက်ကို နားလည်ပေးပါ အမြဲသမီးအပေါ် နားလည်ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သမီးကိုယ်တိုင် တောင်းဆိုမိတာပါ။

၂၀၁၁ ဒီဇင်ဘာက က သမီးလမ်းမှားနေတာကို မီးမောင်းထိုးပြလိုက်တာပါ ၂၀၁၂ ကနေစပြီး သမီးဘဝကို အကောင်းဆုံးဖြစ်အောင် ဦးတည်လိုက်ပါပြီ လမ်းမှားရောက်ခဲ့ရင်လဲ လမ်းမှန်ပြန်ရောက်အောင် ကြိုးစားမှာပါ သမီးအိမ်ပြန်လာတော့မယ် အဖေနဲ့အမေ မိဘနဲ့ အတူတကွ နေထိုင်တော့မယ် ရုပ်ဝတ္တုပစ္စည်းတွေ မပံ့ပိုးနိုင်ခဲ့ပေမယ့် မိဘကို ခြေဆုပ်လက်နယ် ပြုနိုင်မယ်လေ သမီးလူဆင်းရဲတာမှုပါဘူး စိတ်မချမ်းသာတာကြီးကို မလိုချင်တော့ပါဘူး တိုးတက်မလားလို့ ထိုးထွက်ခဲ့မိတာမှ စိတ်ဓါတ်တွေပျက်စီးခဲ့ရတဲ့ ကိုယ့်ဘာသာ နှမြောမိပါတယ် အဆိုးထဲက အမြတ်ကတော့ အိမ်ဆိုတာ ဘယ်လောက်တန်ဘိုးကြီးမှန်း သိခွင့်ရလိုက်တာပါ။

ဘဝဆိုတာ တိုက်ပွဲတဲ့ သမီးနောက်မှာ စစ်ကူမရှိဘဲ မတိုက်တော့ပါဘူး အိမ်ဆိုတဲ့ နောက်တန်းရှိမှ သမီးတိုက်ပါတော့မယ် မနိုင်တဲ့စစ်ကို အကြိမ်ကြိမ်တိုက်ခဲ့မိတော့ စစ်ရှုံးတာပဲ အဖတ်တင်ခဲ့ရတာပေါ့။

အရွက်မဲ့တဲ့ ထီးတစ်လက်ကနေ ထီးရွက်၊ထီးကိုင်း၊ထီးရိုး၊ထီးခလုပ် ပြည့်စုံတဲ့ ထီးတစ်လက်ဖြစ်အောင် ကြိုးစားပါတော့မှာပါ။

ညဝေးကြယ်။

No comments: