Wednesday, December 7, 2011

လွင့်ကျသွားသော

နယ်စပ်ဒေသ

နေ့ နဲ့ ည ကြားမှာ
တစ်စက္ကန့် ပဲ ခြားတယ်။

... တစ် ဒီဂရီနဲ့ 
သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲ ခြားတယ်။

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်း ကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ ဆိုတာ
လွယ်လွယ်ကလေးပါ။ ။

မင်းလူ။ 
 
နေတွေ ညတွေမှားနေတာ မဟုတ်ခဲ့ပါဘူး ငါဆိုတဲ့ မိန်းမတစ်ယောက် တည်ရှိနေတာကို ကြက်ခြေခတ်ကြီး တစ်ခုပါ  ဘဝမှာ မှန်ကန်ခြင်းတွေ ရှာဖွေနေခဲ့ပြီး အမှားတွေ အကြိမ်ကြိမ်ကျူးလွန်မိနေတဲ့ ငါ့ကို ဘယ်နတ်ဒေဝါကမှ မတားဆီးခဲ့ရတာလဲ 
 နောင်တဆိုတဲ့ ဝေါဟာရကို ငယ်ပေါင်းကြီးဖော်နေရာကနေ ရန်သူကြီးတစ်ယောက်လို သတ်မှတ်ပေးပါ မျဉ်းတစ်ကြောင်းကို ငါကူးရဲတဲ့ သတ္တိမရှိပါဘူး မျက်တောင်တခတ်လေးတော့ ငါခြားချင်နေမိတယ် ရှင်သန်ရတာ ပင်ပန်းလွန်းပါတယ် 
အတိတ်ကို လှည့်ကြည့်လိုက်ရင် နတ္တိ ပစ္စုပန်ကလဲ ဗလာ ငါ့အတွက် အနာဂတ်ဆိုတာ စက္ကူလွတ်တရွက်ပါ စိတ်ခန္ဓာတစ်ခုလုံး မနက်ဖြန်မရှိတဲ့ အိပ်စက်ခြင်းနဲ့ အိပ်စက်လိုက်ချင်တယ် ရှင်သန်ခြင်းက အဲ့လောက်တောင် ခက်ခဲနေရသလား တိုးတိုးဖွဖွရေရွတ်မိတာ ခဏခဏ
ဦးနှောဏ်တစ်ခု လက်နှစ်ဖက် နှလုံးသားတစ်ခု အစာအိမ်တစ်ခု ပါတာခြင်းအတူတူ ဘာဖြစ်လို့များ လောကဓံကို ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာလေး ပျောက်ဆုံးနေရတာလဲ
ဆန့်ကျင်ဘက် မှန်သမျှကို ကြောက့်ရွံ့နေရအောင် ငါလဲလူတစ်ယောက်ပါပဲ ဂျိုမပါပါဘူးကွယ် 
၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှု အဲ့ဒီ့ လောကဓံလေးတောင် ငါတွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး
တကယ်တော့ ငါဆိုတဲ့ မိန်းမတစ်ယောက်က ဘဝဆိုတာကို စိတ်ကူးယဉ် ကဗျာတစ်ပုဒ်လို သတ်မှတ်ခဲ့မိတာ နွေးထွေးတဲ့ နေရောင်ခြည် အေးမြတဲ့ မိုးရေ ချမ်းစိမ့်တဲ့ ဆောင်းလေရူး အဲ့ဒါတွေပဲ ဘဝလို့ ထင်မှတ်ထားတာ စူးရှတဲ့ နွေနေပူ ပြင်းထန်တဲ့ မိုးခြိမ်းသံ သွေးခဲစေတဲ့ ဆောင်းည အဲ့ဒါတွေလည်း ဘဝပဲဆိုတာ မေ့လျော့နေမိတာ
ဘဝဆိုတာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် သီချင်းတစ်ပုဒ် ပန်းချီကားတစ်ချပ်မှ မဟုတ်နိုင်တာ နောက်ဆုံးတော့လဲ လွင့်ကျသွားတဲ့ ငါ့စိတ်ဓါတ်ကို ခပ်လေးလေးကုန်းကောက်လိုက်ပြီး ညာဘက်ရင်ဘက်ထဲ ထိုးထည့်လိုက်တယ် အသက်မဲ့နေတဲ့ အပြုံးလေးကို ငါ့နှုတ်ခမ်းထက် ချိတ်ဆွဲလိုက်ပြီးတော့ ငါမနိုးထချင်တော့တဲ့ မနက်ဖြန်ခရီးကို ယိုင်နဲ့နဲ့လေး ဆက်သွားနေရတယ်။
အကယ်၍ သတ္တိဆိုတာလေးများ နတ်ဒေဝါတစ်ပါးပါးက ပေးသနားခဲ့ရင် မနက်ဖြန်ဆိုတာကို မနှိုးထချင်တော့ဘူး.. အကယ်၍ မျဉ်းတစ်ကြောင်းသာ ငါကူးခဲ့ရင် မျက်တောင်တခတ်ဆိုတာ ပြီးဆုံးခဲ့ပြီ.. လွင့်ကျသွားတဲ့ စက္ကူလွတ်တစ်ရွက်ကို ဖမ်းဆုပ်ရင်း မနက်ဖြန်ကို ယိုင်နဲ့နဲ့ ခရီးဆက်လိုက်ပါအုံးမယ် အမေ။

No comments: