Thursday, January 13, 2011

အိပ်မက်များ

မျှော်လင့်ခြင်း နတ်သမီး

 (၁)

" အစ်ကို... မနက်က အစ်ကို့ဆီကို ဖုန်းတစ်ကောလ် လာတယ် သိလား။"

" ဟုတ်လား... ဘယ်သူလို့ပြောသွားသေးလဲ"

" ဟင့်အင်း... ဘာမှတော့ပြောမသွားဘူး... မိန်းကလေးတစ်ယောက်အသံပဲ"

" အော်... သင့်ခ်ယူနော်"

ကျွန်တော်ရုံးကိုရောက်ရောက်ချင်း အော်ပရေတာမလေးက ပြောလာသော မက်ဆေ့ခ်ျဖြစ်သည်။ အရင်နေ့တွေတုန်းကလည်း ကျွန်တော်ရုံးမှာ မရှိတဲ့အချိန်တွေမှာ ကျွန်တော်ဆီကိုဖုန်းလာတိုင်း တယ်လီဖုန်းအော်ပရေတာတွေက ပြောပြနေကြမို့ ဘာမှတော့မထူးဆန်း။ ဒါပေမယ့် ဒီနေ့တော့ တစ်လမ်းလုံး စိတ်ကူးယဉ်လာသော အရာတစ်ခုနှင့်တိုက်ဆိုင်နေသည်မို့ ကျွန်တော်ရင်ဖိုသွားသည်။ ဟုတ်သည်ပဲ။ ဒီနေ့က သူမနှင့်ကျွန်တော့်ကြားမှာ တစ်ချိန်ကပေးထားခဲ့ဘူးသော ကတိစကားတစ်ခုရှိသည်မို့ ဒီနေ့များ သူမဖုန်းခေါ်လာလျှင်ဟူသော အတွေးတစ်ခုက ကျွန်တော့်ကိုတစ်နေ့ကုန်လွမ်းမိုးထားသည်ပဲမဟုတ်လား။

ယနေ့ဂျုတီကျသော အော်ပရေတာမလေးက ရောက်တာသိပ်မကြာသေးသော ၀န်ထမ်းအသစ်မို့ ကျွန်တော်ဘာမှ ဆက်မမေးဖြစ်တော့။ အရင့်အရင်အော်ပရေတာတွေသာဆိုလျှင် သူမဆီကလာသောဖုန်းဆိုပါက အသံကိုမှတ်မိနေပြီသားမို့ ကျွန်တော့်ကို နောက်ပြောင်ကျီစယ်ရင် လာပြောမှာ သေချာပါသည်။ ကျွန်တော့်ရုံးကိုဖုန်းဆက်တတ်သော သူငယ်ချင်းတွေကလည်း လက်ချိုးရည်ရလောက်အောင် နည်းသားမို့ သူတို့ဆီကိုဖုန်းဆက်ပြီး မနက်ကငါ့ဆီကိုဖုန်းခေါ်လားဟု မေးကြည့်ချင်ပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားထိန်းရင် အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်တော့သည်။


(၂)

ပြာလဲ့လဲ့ပင်လယ်ပြင်ကြီး၏ အနားသပ်ဆီသို့ နေ၀န်းနီနီတစ်ခုက ပုန်းလျှိုးငုံ့ဆင်းဖို့ တာစူနေပြီ။ ဖြုလွှလွှသဲသောင်ပြင်ပေါ်မှာ ကျွန်တော်တစ်ကိုယ်တည်းထိုင်နေရင်း ရေပြင်ကျယ်ကို ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။ မှောင်ရည်ပျိုးလာပြီဖြစ်သော ရေမျက်နှာပြင်ရှိကျောက်ဆောင်တွေကြားမှာ ထူးထူးဆန်းဆန်းအရာ၀တ္တုတစ်ခုကို အမှတ်မထင် ကျွန်တော်သတိထားမိသွားသည်။ ရေစပ်ကိုဆင်းရင်း အဲဒီ့အရာ၀တ္တုလေးကို သွားရောက်ဆယ်ယူကြည့်တော့ ရှည်ရှည်မျောမျောနှင့် ကြုပ်လိုမျိုးရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေသည်။ ကြုပ်ပေါ်မှာ ကျွန်တော်တစ်ခါမှမမြင်ဘူးသော ဘာသာစကားနှင့်စာတစ်ချို့ကိုရေးထားပြီး အဖုံးနေရာကိုတော့ ချိတ်ပိတ်ထားသည်။ ဒီကြုပ်ကလေးကိုမြင်တော့ ကျွန်တော့်အတွေးထဲကို ရုတ်တရက်၀င်လာတာက ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ဘူးသော မီးခွက်စောင့်ဘီလူးအကြောင်းနှင့် တီဗွီဇာတ်လမ်းတွဲတစ်ခုထဲက ဂျင်းနီဆိုသော လိုတရဖန်ဆင်းရှင်တွေကိုပဲ ဖြစ်ပါသည်။ ပြီးတော့ အကယ်၍များ ဟောဒီ့ကြုပ်လေးထဲကနေ ကျွန်တော်၏ လိုအင်ဆန္ဒတွေကို ဖန်ဆင်းပေးနိုင်သော တန်ခိုးရှင်တစ်ယောက်သာ ထွက်လာခဲ့လျှင်ဆိုပြီး စိတ်ကူးယဉ်နယ်ချဲ့နေမိတော့သည်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ ကြုပ်လေးထဲမှထွက်လာမည့် တန်ခိုးရှင်ကြီးက ဖန်ဆင်းပေလိုက်သော ကျွန်တော်အရမ်းလိုချင်သည့် စိမ်းလန်းစိုပြေနေသော မြက်ခင်းစိမ်းကျယ်ကျယ်တွေရှိသည့် ခြံ၀င်းလေးတစ်ခုနှင့် တိုက်ပုလေးတစ်လုံး၊ ပြီးတော့ဇိမ်ခံကားကြီးတစ်စီး၊ ပြီးတော့ချစ်စရာကောင်းသော ကလေးလေးတွေနဲ့ မိသားစုလေးတစ်ခု စသည်စသည်ဖြင့်...။


အတွေးတွေဆုံးသွားတော့ ကြုပ်ကလေးကို ကျွန်တော်စေ့စေ့ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ပြီးတော့ လက်တစ်ဖက်နှင့် ကြုပ်ကလေးကို အားယူလွှဲရင်း ရေပြင်ကျယ်ကြီးဆီသို့ ဝေးနိုင်သမျှဝေးအောင် အားကုန်သုံးပြီး လွှင့်ပစ်လိုက်သည်။ ကျွန်တော်လွှင့်ပစ်လိုက်သော ကြုပ်ကလေးကတော့ လှိုင်းကြက်ခွပ်ကလေးတွေကိုစီးရင်း ကျွန်တော်နှင့်ဝေးရာ ပင်လယ်ပြင်ကြီးဆီသို့ စီးမျောထွက်ခွာသွားပါတော့သည်။


(၃)

မနက်မိုးလင်းတော့ သူငယ်ချင်းတွေကို ကျွန်တော်ညကမက်ခဲ့သော အိပ်မက်လေးအကြောင်းကို ၀မ်းသာအားရပြန်ပြောဖြစ်သည်။ အိပ်မက်ထဲမှာ ကျွန်တော်က တစ်ခါမှမရောက်ဘူးသော ပင်လယ်ကမ်းခြေတစ်ခုကို ရောက်သွားသည့်အကြောင်း၊ ရှေးဟောင်းကြုပ်လေးတစ်ခုကို    အမှတ်မထင်တွေ့ခဲ့သည့်အကြောင်း၊ ကြုပ်လေးထဲကနေ တန်ခိုးရှင်တစ်ယောက်များ ထွက်လာပြီး လိုချင်တာတွေ ဖန်ဆင်းပေးနိုင်လျှင်ဆိုပြီး စိတ်ကူးယဉ်ခဲ့ပုံအကြောင်းတွေနှင့် နောက်ဆုံးတော့ အဲဒီ့ကြုပ်ကလေးကို ဖွင့်မကြည့်တော့ပဲ ပင်လယ်ပြင်ထဲသို့ ပြန်လည်မျှောချလိုက်သည့် အကြောင်း စသဖြင့်ဖြစ်သည်။


ကျွန်တော့်စကားဆုံးသွားတော့ သူငယ်ချင်းတွေက " မင်းကွာ တော်တော်တုံးတာပဲ။ အလကားရတဲ့ အိပ်မက်ထဲမှာတောင် ဘာလို့ကြုပ်ကလေးကို ဖွင့်မကြည့်ပဲ လွှင့်ပစ်လိုက်ရတာလဲ" ဆိုပြီး အားမလိုအားမရ မေးလာကြသည်။ အဲဒီ့တော့ ကျွန်တော်ကလည်း သူတို့ကိုမေးခွန်းတစ်ခု ပြန်ထုတ်ဖြစ်သည်။ "တကယ်လို့သာ ငါစိတ်ကူးယဉ်သလို တန်ခိုးရှင်ထွက်မလာဘူးဆိုရင်ရော... " ဆိုတော့ သူတို့ဆွံ့အသွားကြသည်။


(၄)

အကယ်၍ ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးထဲမှာသာ ကျွန်တော်စိတ်ကူးယဉ်ခဲ့သလို တန်ခိုးရှင်တစ်ယောက်သာ ထွက်မလာနိုင်ခဲ့လျှင်၊ ကျွန်တော်လိုချင်တောင့်တသော အရာတွေမရခဲ့ဘူးဆိုလျှင် ကျွန်တော်လည်း ယနေ့မနက်ခင်းလို စိတ်လက်ကြည်ကြည်သာသာဖြင့် နိုးထလာနိုင်လိမ့်မည် မဟုတ်ပါ။ အခုတော့ အိပ်မက်လေးထဲမှာ ကျွန်တော်က ကျွန်တော်စိတ်ကူးယဉ်ထားသော အရာတွေကိုဖန်ဆင်းပေးနိုင်သည်ဟု ယုံကြည်ထားသော ကြုပ်ကလေးကိုလွှင့်ပစ်ခဲ့သည့်အတွက် တန်ခိုးရှင်ဖန်ဆင်းပေးနိုင်သော အရာ၀တ္တုတွေကို မပိုင်ဆိုင်ခဲ့ပေမယ့် "ထွက်လာခဲ့လျှင်"ဟူသော မျှော်လင့်ချက်လေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ အကယ်၍ အိပ်မက်ထဲမှာသာ ကြုပ်ကလေးကိုဖွင့်ကြည့်လိုက်ပြီး ဘာတန်ခိုးရှင်မှထွက်မလာခဲ့လျှင်၊ ကျွန်တော်လိုချင်ခဲ့သောအရာများကို ဆုံးရှုံးရမည့်အပြင်၊ "မျှော်လင့်ချက်"လေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရပါအုံးမည်။


မနေ့ကကျွန်တော့်ဆီကို ဖုန်းဆက်လာသော မိန်းကလေးသည် သူမဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။ အကယ်၍များကျွန်တော်သာ သူငယ်ချင်းတွေဆီကို ဖုန်းဆက်မေးရင်း တစ်ယောက်ယောက်ကများ သူဆက်တာပါဟု ပြောလာလျှင် ကျွန်တော့်ပိုင်ဆိုင်ထားသည့် မျှော်လင့်ခြင်းလေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရအုံးမည်။ အခုတော့ ကျွန်တော်ချစ်ရသောသူမကို ဆုံးရှုံးခဲ့ရရင်တောင်မှ၊ သူမအတွက်မျှော်လင့်ခြင်းလေး တစ်ခုကိုတော့   ပိုင်ဆိုင်နိုင်ပါသေးသည်။လူဆိုသည်မှာ မျှော်လင့်ခြင်းနှင့် အသက်ရှင်နေကြသူများ ဖြစ်ကြောင်း စာအုပ်တစ်အုပ်တွင်ဖတ်ခဲ့ဘူးသည်။ တစ်ကယ်တော့ လူတိုင်းသည် တစ်ခါတစ်ရံ ကိုယ့်စိတ်ကူးနှင့် ကိုယ်ရူးနေကြသော အတော်ရယ်စရာကောင်းသည် ပုဂ္ဂိုလ်များဖြစ်ကြပါသည်။


ဘာပဲပြောပြော ဒီနေ့ရုံးရောက်ရင်တော့ မနေ့ကအော်ပရေတာမလေးကို ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးအကြောင်း ဖောက်သည်ချရပါအုံးမည်။


မျိုးဇော်

၂၀၁၁၊ ဇန်နဝါရီ (၁)