Friday, November 19, 2010

မေ့လိုက်

ညတစ်ဖြစ်နဲ့
နံနက်အခင်းအကျင်းတွေ
မေ့လိုက် ..

ရနံ့သင်းနေကြ
အခန့်မသင့်ခြင်း
တကူးတကတွေ
မေ့လိုက် ..

ဒဏ်ရာပေါ်က
ဖြေသိမ့်ခြင်း
သုခတွေ
မေ့လိုက် ..

စိတ်လိုလက်ရ
သက်ပြင်း
အစွန်းအထင်းတွေ
မေ့လိုက် …

တွေ့ရှိခဲ့
မျှော်လင့်ခြင်း
အနှိုင်းမဲ့ကုဋေ
မေ့လိုက် …

ကောက်မိခဲ့
ခြေရာထပ်
လမ်းကြမ်းတွေ
မေ့လိုက် …

ဖြတ်သန်းခဲ့
ရင့်ကျက်မှု
အပိုင်းအစတွေ
မေ့လိုက် …

တိတ်ဆိတ်ခဲ့
အထီးကျန်ခြင်း
စိတ်တ္တဇတွေ
မေ့လိုက် …

ခံစားမှုရဲ့
ရေမြေဒေသ
ဝေးကွာမှုပြ
ခွဲခွာခြင်း
ရလဒ်တွေ
မေ့လိုက် …

နာဖျားခဲ့
ငါ့အရိပ်ငါဖျောက်
ငါမပျောက်ခဲ့တဲ့
ညတွေ
မေ့လိုက် … ။ ။

သက်ထွေး
မေ ဝ၄ ၂၀ဝ၉

Wednesday, November 17, 2010

လမ်းခွဲ

တစ်နေ့မှာ..
ဟန်ဆောင်ချစ်ခြင်းတွေ ..
အရေခွံလဲ မှာ သိရက်နဲ့ ..
ချစ်သူရဲ့ ..
ဟန်ဆောင်အပြုံးတွေကို ..
ဖြူစင်စွာ မြတ်နိုးခဲ့မိတဲ့ ..
နှလုံးသားတစ်စုံက ..
ဘာကြောင့်များ ..
ဝမ်းနည်း ကြေကွဲနေဦးမှာလဲ ?

နှစ်သိမ့်အပြုံးတွေကို ..
ရင်နာစွာနဲ့ ရှာဖွေသိရှိခဲ့ပြီပဲ ..
ပစ်ခွာပြေးတော့လဲ
အတိတ်မှာ နာကျင်စွာနဲ့
နေရစ်ခဲ့ရတော့မှာပေါ့..

ကိုယ်ဒို့ နှစ်ဦးရဲ့
တစ်ခန်းရပ် ပြဇာတ်လေးကတော့
ဇာတ်သိမ်းမကောင်းခဲ့ဘူးပေါ့ကွယ်
လမ်းခွဲခဲ့ကြတာမဟုတ်ဘူးနော်
လမ်းလွဲခဲ့ကြတာပါ ..
ချစ်သူ ..

အချစ်ကို ..
ယုံကြည်ကိုးကွယ်မိကတည်းက ..
နောက်ဆက်တွဲ ..
သံသယ တွေကို မျက်ကွယ်ပြုခဲ့မိတဲ့ ..
ကိုယ့်ရဲ့ အပြစ်တွေပါ .. ။ ။

သက်အောင်(ကလောင်တိုက်ပွဲ)

ကြယ်ကြွေည - မျိုးဇော်

အလင်းမရှိတော့တဲ့ ညကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေဆုတောင်းကြတယ်...

အလင်းတွေကြီးစိုးတဲ့ နေ့ကောင်းကင်ယံမှာ
ကြယ်တွေကြွေတော့ လူတွေသတိတောင် မထားမိဘူးတဲ့...

ဘာပဲဖြစ်ဖြစ် ညရောက်လို့ ကြယ်တွေရည်ရင်
ကြယ်လေးတစ်ပွင့်လိုနေတာကိုတော့
လူတွေသိကောင်းပါရဲ့...

မျိုးဇော်
၂၀၁၀၊ နို၀င်ဘာ(၁)

 

http://myozawu

Tuesday, November 16, 2010

၀င်ခွင့် - တာရာမင်းဝေ

ကောင်မလေးရေ
နင့် ရင်ခွင်ထဲကို
ငါ၀င်ကြည့်ချင်တယ်
(ဘာတွေရှိလဲလို့်) . . . ။

လက်မှတ်ကိုကိုင်ပြီး
ငါရောက်ခဲ့ပါရဲ့။
အံသြစရာ . . .
နင်ဟာ ရုံစောင့်ကြီး ဖြစ်နေတယ် . . .။

လက်မှတ်ကို ဆွဲယူပြီး
တ၀က်ကိုဆုတ်ပြစ်လိုက်တယ် . . . ။

အဲဒါဟာ . . .
၀င်ခွင့်ပြုတာလား . . .
ဒါမှမဟုတ် . . . ။

(တာရာမင်းဝေ)

ခ ကဗျာ

ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်လုံးလို
ခွမ်းကနဲ..
အစိတ်စိတ်အမွာမွာ...

ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..
စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..

ခုတ်ထစ်ခြင်းခံရတဲ့
ခံစားချက်တွေက
ခုံမင်စရာ...
တစ်ခုမှမရှိ
ခင်တွယ်စရာ..
တစ်ခုမှမရှိ..

ခြားနားခဲ့တာတောင်
ခုချိန်ထိ..
စိတ်ရိုင်းကို
ခဝါချလို့..
မရတဲ့ကောင်..
အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တာရာမင်းဝေ

Monday, November 15, 2010

နွယ်အရိပ် - မောင်စိန်၀င်း

တွယ်မှာစိုးလို့
နွယ်ကြိုးညွန့်သစ် မပတ်ရစ်အောင်
ဖြတ်ပစ်ခဲ့ရတော့မှာလား....။

လိုက်မှာစိုးလို့
နှစ်ကိုယ့်တစ်စိတ် ကိုယ့်အရိပ်နဲ့ခွဲ
အမှောင်ထဲမှာ ရှောင်လွဲရတော့မှာလား...။

ဖြတ်မရတဲ့ နွယ်
သတ်မရတဲ့ နွယ်
ဖယ်မဖြစ်တဲ့ အရိပ်
တွယ်ရစ်တဲ့ အရိပ်
တကယ်ချစ်တဲ့ စိတ်ကြောင့်လား
နှလုံးသားမှာ အနာတရနဲ့
ထာဝရ ရောက်ရောက်လာတာ
သြော်.....

ကာလ ဘယ်လောက်ကြာကြာ...။

မောင်စိန်၀င်း (ပုတီးကုန်း)

Tuesday, November 9, 2010

ချစ်စိတ်မွှန်မူး - ဇောင်း

ချစ်စိတ်ရွယ်ရည်

မုန်းမာန်ဝံ့ချီလို့ 


အခါတော်ပေး

မင်္ဂလာတေးတောင်

ငါ့ရဲ့နားထဲ ခါးသီးနေတယ်


ချစ်စိတ်မွှန်မူး

လူရူးတစ်ယောက်လို

ယူပါ ကယ်ပါ တစ်ဆာဆာနဲ့


ရင်တွင်းတည်ရှိ 

နှလုံးသားတစ်စုံက 

အော်ဟစ်နေသော်လည်း


ဥပက္ခာဒေဝီလို 

သခင်မစိတ်ထား 

စိမ်းကားရက်ပေပါ့


ကောင်းကင်နတ်သကြား

ဆင်းကယ်ရင်တောင် 

မမီနိုင်တော့ပါဘူး


ရက်စက် စိမ်းကား 

ရှောင်ဖယ်ရက်သူ


မထူးတော့တဲ့ဇာတ်မို့

မုန်းမေ့ကာ သွားလိုက်ပါတော့


ချစ်ခြင်းဝေဒနာတွေ

ချူပ်ငြိမ်းပါရစေ....

 


{ဇောင်း}

Sunday, November 7, 2010

ကဗျာ

အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေက တိတ်တာတောင် ကိုယ်ကရွာတုန်း။

သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့။
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုံး တွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။

ကောင်မလေးရေ..
တကယ်ဆို ကိုယ်ဟာ ဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာ ဘာမှ မပွင့်သေးတာက လွဲရင်ပေါ့။

တာရာမင်းဝေ

Saturday, November 6, 2010

တာရာမင်းဝေ

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာ၀ရ ငါ ...
ထားခဲ့ချင်ပါပြီလေ။

တာရာမင်းဝေ

တာရာမင်းဝေ

ငါသည်...
တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။

အမှန်ကား...
မြေ၏အနက်မှာပင် ဝေဝါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ
၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ...
ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

Friday, November 5, 2010

ဘာလဲကွယ် တာရာမင်းဝေ

ဘာအကြောင်းမှ မရှိဘဲ
မင်းကို ချစ်မိသွားတယ်..

ဘာအကြောင်းမှ မရှိဘဲ
မင်းကို လွမ်းတယ်...

ဘာအကြောင်းမှ မရှိဘဲ
မင်းဒီကဗျာကို ရေးမိတယ်..

တစ်ကယ်တော့လည်း
ဘာကြောင်းမှမရှိပါဘူး
သူငယ်ချင်း..။

Thursday, November 4, 2010

သတိရကြောင်း တာရာမင်းဝေ

မှော်ဆရာရေ... 
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ 
ဝိဥာဉ်ကို ကော်နဲ့ကပ်ပြီး 
လူဖြစ်အောင် ငါအသက်သွင်းဖူးတယ်  

မီးခြစ်ကျောက်ကို 
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက် 
မီးတောက်ကို ခါးကလိမ်ချိုး 
စီးကရက်သောက်ရင်း သူ ချောင်းဆိုးဖူးတယ် 

သူ့ခြေထောက်အတွက် 
သူ့ဖိနပ်အတွက် 
မြေပြင်သက်သက် ခင်းပေးစရာမလို 
`ကြယ်ကို ကြယ်နဲ့ ရံမတဲ့ ` 
သံအိပ်မက်ကြီးနဲ့ 
ပင်လယ်ရေပွက်ထဲကည 
အားလုံးကို သူ အပိုင်ရတယ်

ပထမတော့.... 
လ ကို ခိုစီး 
ကောင်းကင်ကြီးနဲ့တွဲက 
စက္ကူဂီတာတစ်လက်ပိုက်ပြီး 
ပျော်လိုက်ရတာ ....

နောက်မှ 
စကြာဝဠာရဲ့ 
မဟာတွင်းနက်ထဲကို 
လက်ခနဲခုန်ချ 
သူ....
ဘယ်ဆီကျသွားပါသလဲ...

ကဲ....မှော်ဆရာ 
အပိုင်းပိုင်းအထစ်ထစ် 
သက္ကရာဇ်တို့ မပြိုခင်မှာ 
သုည တစ်လုံးပဲရှိတဲ့ 
သူ့ရဲ့ တယ်လီဖုန်းနံပါတ်ကို ဆက်ပေးပါ

ဘာပဲဖြစ်ဖြစ် 
ပဆစ်အိမ် ဝင်္ကပါပျက် နက္ခတ်ပျံရာည 
ငါ.....သူ့ကို သတိရကြောင်း 
ပြောပြပေးပါ......၊၊ 

နတ်ပူးနေတဲ့ကောင် တာရာမင်းဝေ

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ...
မောတယ်။

Wednesday, November 3, 2010

ကျွန်တော်နဲ့တိမ်ညိုနိမိတ်

ကျွန်တော်နဲ့တိမ်ညိုနိမိတ်


ဒီလမ်းမှာဘယ်သူ့ကိုမှ ခေါ်မသွားဘူးဆိုရင်တောင်


ကျွန်တော်နဲ့ဖိနပ်ကလေးကိုတော့ ခေါ်သွားရမှာပဲ။


 ကျောက်စရစ်ခဲလေးက ပြောတယ်ဖေဖေ...


မြေပြင်က ဘာမှမပြောင်းလဲပါဘူး


ခြေထောက်တွေကသာ ပြောင်းလဲနေကြတာတဲ့..။

တာရာမင်းဝေ

ဗျတ်စောင်း ဘာသာဗေဒ

လခြမ်းအဝါကို မြင်လို့

ကောင်းကင်ကို မမြင်လိုက်ဘူး။

တစ်ယောက်နဲ့တစ်ယောက်

ရွာရိုးကိုးပေါက်ဝေးခဲ့တယ်။


ကောင်မလေးရေ ငါ့ရဲ့ အမေတစ်၀က်၊

ဆောင်းရာသီတစ်၀က်

ကောင်မလေးရေ ငါ့ကို ကယ်ပါ။


ငါ့ကို ကယ်တယ်လို့ပဲ သဘောမထားပဲ

ငါ့ကိုပဲ ကယ်ပါ

မင်းရဲ့အဖြူတစ်၀က်ရဲ့

အဖြူတစ်၀က်လောက် ငါ့ကို ဆွတ်ပေးပါ။


ရင်ဘတ်က ကြယ်ငွေ့တွေ

ဖြာကျလာတဲ့အထိ

ငါ ... ပွင့်ပစ်လိုက်ချင်လို့ပါ။ ။


တာရာမင်းဝေ

Tuesday, November 2, 2010

ပင်လယ်


ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်

မြင်းမိုရ်တောင်ကိုလည်း

မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။

ကျောက်မြင်းရုပ်ကြီးလိုပဒပ် ရပ်ထချင်တယ်

 ပင်လယ်ကဗီးပင်တွေလိုလည်း

တရှဲရှဲအော်လိုက်ချင်တယ်။


ခုတော့....ဘယ်ဖြစ်တော့မှာလဲ

သူမက

 ငါ့ကို


ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့....။

တာရာမင်းဝေ

မိုး တာရာမင််််းဝေ

ချစ်သူရေ

ဟောဒီ ကောင်းကင် တစ်ရိုးက

ရေခိုးရေငွေ့ အိုးကြီးကို

မိုးတိမ်လို့ ခေါ်ကြလေရဲ့။


ကိုရွှေမုတ်သုံလေက

သူခြေထောက်ကို သူဂရုမစိုက်

အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။


အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ

သေပါလေရော။


အိုးခြမ်းကွဲထဲကနေ

ရေစက်တွေ ရေစက်တွေ

၀င်း၀င်းလက်လက်

လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။


ကျောက်ဆောင် ကျောက်မြေနဲ့

စောင့်နေတဲ့ ပင်လယ်အော်တွေလည်း

သွားရည်တမြမြ

ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။


အို ချစ်သူရေ

ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။


လာ ရဲရဲလာ

ထီးရွက်တွေ မပါလည်း

လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။


ငါတို့ရဲ့ မိုး

ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ

သူ

ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။


တာရာမင်းဝေ

“မိုးခေါင်လို့ တီးတဲ့ဗုံသံ” မှ