Tuesday, March 8, 2011

၂၃ ၁/၂ ဒီဂရီ



ကမ္ဘာကြီးက ၂၃ ၁/၂ ဒီဂရီ တိမ်းစောင်းနေတယ်
ငါကတော့ ၂၃ ၁/၂ ဒီကရီပဲ တည့်မတ်နေတာ ဖြစ်မှာပါ .. ။


၂၉ ၁/၂ တိတိရှိပါပြီ ဒီနေ့မှာ
၆၆ ၁/၂ ဒီဂရီ တိမ်းစောင်းနေသေးတယ်ဆိုတော့ .. ။


ဥာဏ်ရည်မမီတာလား
ခုံခုပြီးရပ်နေမိတာလား
သေချာတာက ငါ လူမပီသသေးဘူး .. ။


ဖရိုဖရဲ ဆိုတာထက်
ပရမ်းပတာ ဆိုတဲ့စကားက
ငါ့ စိတ်အသွင်ကို ထင်ဟပ်စေတယ် .. ။


မေ့ထားလိုက်ပါတော့တဲ့ ရွှေဘုန်းလူကပြောတယ်
ကျွန်တော်လဲ မေ့ထားချင်ပါတယ် သို့သော်
အဲ့ဒီမှာစမှားတာ သို့သော်ကြီးကနေ
စမှားသွားတာ ခုအချိန်အထိပဲ .. ။


အဆုံးသတ်ဖို့ စဉ်းစားတိုင်း
အစဆိုတာကို ပြန်ရောက်သွားတယ်
၆၆ ၁/၂ ဒီဂရီတိမ်းစောင်းနေတဲ့ ငါ့အတွက်
တည့်မတ်မှုဆိုတာ ရှိနိုင်မှာလား .. ။