Saturday, February 26, 2011

ထွက်ပေါက်


ဖြစ်စဉ်
တစ်ခါတလေမှာတော့လည်း တွေးကြည့်မိပါတယ်
နက်ဖြန်ခါ သေသွားရင် ဘာဖြစ်မလဲလို့။
လုပ်ချင်တာတွေ လုပ်ခဲ့ပြီးပြီ
(မလုပ်ရသေးတာတွေလည်း အများကြီး)
ဖြစ်ချင်တာတွေ ဖြစ်ခဲ့ပြီးပြီ
(မဖြစ်ရသေးတာတွေလည်း အများကြီး)
နက်ဖြန်ခါမှာလို့ စဉ်းစားလိုက်ပြန်တော့
နက်ဖြန်ခါတွေကလည်း အများကြီး
ဒီလိုနဲ့ပဲ
ဘ၀မှာ နေပျော်ရတာပါပဲ ကလေးရယ်။
တာရာမင်းဝေ


စိတ်ဓါတ်က မြေကြီးကိုခွင်းပြီး ပုန်းဖို့နေရာရှာတယ်
မေးခွန်းတွေ ခေါင်းထဲကို တရစပ်ဝင်လာတယ်
ဘာလုပ်ဖို့လဲတဲ့ အဖြေတခုတော့ရှိရမှာပေါ့
ကိုယ့်အတွက်လား မဟုတ်ဖူး ။
မိသားစုအတွက်လား
ဟင် ! ဟားဟား
အိမ်ကိုငွေပို့မှ ထမင်းစားရရင်
အီသီယိုးပီးယားက လူတွေကတောင်
ခန္ဓာကိုယ် ပိုကြီးထွားအုံးမယ် သူတို့ထက် ။
အချစ်အတွက်လား နဲနဲတော့သက်ဆိုင်တယ်
ဒါပေမယ့် ရေပေါ်အရုပ်ရေးနေတာပါ
ပြီးရင်ဘာမှထင်မှာမဟုတ်ဘူး ။
အဖြေမရှိဘူး ဘာလုပ်နေတာလဲ
ဒီမှာလာပြီးတော့ အချိန်ဖြုန်းနေတာပေါ့
အင်း ဟုတ်တယ်
သေချာတာတော့ အချိန်ဖြုန်းနေတာ ။
ဘာအပြစ်လုပ်ထားလို့
ဘာကိုရှောင်ပုန်းချင်တာလဲ
ဘာမှမလုပ်ထားမိပါဘူး ။
ဆေးလိပ်သောက်ချင်နေတယ်
အဆုပ်ထဲကထွက်သွားတဲ့
မီးခိုးနဲ့လွင့်မျောချင်လို့ ။
ပိုက်ဆံကိုမီးရှို့မှာမဟုတ်ဘူး
ဇီဝကို ပြာချချင်တာ ။
သူရဲဘောကြောင်တာ
ပြတ်ပြတ်သားသား
မလုပ်ရဲလို့ ကိုယ့်ဘာသာ
ချွေးသိပ်လိုက်တာ ။
အဟတ် !!
လူတစ်ယောက်ထဲ
စိတ်က ၃ ကိုယ်ခွဲနေတယ်
ရူးတက်ရင်သိပ်ကောင်းမယ် ။
အသက်ရှင်ရတာ
ဟာတာတာကြီး
အသက်ရှုရတာကိုက
တ၀က်တပျက်ကြီး ။
ထမင်းစားဖို့ အသက်ရှင်နေတာလား
အသက်ရှင်ဖို့ ထမင်းစားတာလား
၂ ခုလုံးမဟုတ်ဘူး ။
တဖြည်းဖြည်း software တခုဖြစ်လာပြီ
လူဆိုတဲ့ ခံစားချက်မရှိတာလား
မသိတော့တာလား ။
ဆန္ဒစစ်တဲ့ အဲ့ဒီစကားလုံး
တော်တော်လှတယ်
ကျွန်တော်ကျဆုံးသွားပါပြီ
အဆုံးမှာတော့ .. ။

Thursday, February 24, 2011

ကြွေကျသော



ပွဲတော်မှာ ငါရှူံးခဲ့တယ်။
ငါကမှ ဖွတ်ထားတဲ့ လမင်းကိုထုတ်မပြခဲ့တာ
လှေကိုမလှော်ဘူး။ ရေကိုလှော်မယ်။
စံပယ်တွေအိပ်တန်းဝင်တဲ့တန်းမှာ
ငါကိုယ်ငါ မီးထုတ်တခုလို ထွန်းညှိရဦးမယ်။   ။
တာရာမင်းဝေ


နိုးတ၀က်အိမ်မက် မဟုတ်ပါဘူး
နိုးရက်နဲ့ အိမ်မက်မက်နေတာ
မျက်စိဖွင့်ပြီး အိပ်နေတော့
အိမ်မက်က မနိုးတော့ဘူးပေါ့ ..


ကျွန်တော့်လက်ထဲ ကြယ်တွေကြွေကျနေတယ်
တကယ်တော့ အိမ်မက်ပါ
ကြွေကျသွားတာ ကျွန်တော် ..


အကောင်းအဆိုးယှဉ်တွဲနေတာလေ
ကျွန်တော် ကံမကောင်းချင်ပါဘူး
ချစ်သူကို ကံမဆိုးစေချင်လို့ ..


အနာဂတ်ဆိုတာကို ကြောက်တယ်
ခုလက်ရှိအချိန်တောင် ကျွန်တော်ပိုင်လို့လား ..


အစဆိုတာ အဆုံးရဲ့နိဒါန်းလေ
ကျွန်တော်အစမရှိချင်ဘူး
အဆုံးကို ရင်မဆိုင်ရဲလို့ ..


တိုက်ခဲ့သမျှထဲမှာ
ဒီစစ်က အကျအဆုံးများတယ်
ရန်သူက ကိုယ်ဖြစ်နေလို့ ..


ကြယ်တွေကြွေကျနေတယ်
အဲ့ဒီကြယ် ကျွန်တော်မှန်းမသိခဲ့ပါဘူး .. ။

Thursday, February 17, 2011

11:11


ည ၁၁ နာရီကနေ နောက်နေ့မနက် ၉ နာရီခွဲထိ အိပ်တာတောင် အိပ်ရေးမ၀ဘူးဆို ကျွန်တော်ဟုတ်ရော ဟုတ်သေးရဲ့လား တစ်ရက်မဟုတ်ဖူးနော် နှစ်ရက်ရှိပြီ အလုပ်ကပြန်တာနဲ့ ဘုန်းဆိုအိတ်ကိုချ အကျီင်္လဲခြေထောက်ဆေး ပြီးရင်တန်းအိပ်တော့တာ ဘုရားတောင်မကန့်တော့ဘူး ကျန်တာလုပ်ဖို့ဆိုတာဝေးရော စာရေးချင်တာလဲ စိတ်ပဲရှိတယ် လူကလှုပ်ကိုမလှုပ်ဖူး

အဲ့ဒီကောင်ကိုစိတ်နာနေတာ သူနဲ့နေနေတာ ဆယ်ရက်လောက်ရှိပြီ ညဆို၃နာရီထိုးရော ခုထိကိုမထိဘူးယောင်လို့တောင် Notebook ကို သူ့ကိုကိုင်လိုက်တာနဲ့ အချိန်ဆိုတာကို အကန့်အသတ်မရှိမေ့သွားတာ အိပ်ဖို့ဆိုတဲ့အသိမရှိတော့တာ  အိမ်မှာထားခဲ့ရင် ရေစက်ချလှူပြီးသားမို့လို့ အလုပ်ကိုယူလာတာ တက်နိုင်ရင်သယ်ကိုမသယ်ချင်တော့တာ ကျွန်တော်ကကလေးဆန်တယ် တခုခုကိုစိတ်ကုန်ပြီဆို လှည့်တောင်မကြည့်ချင်ဘူး အမှန်ကကိုယ်စည်းမရှိတာပါ အချိန်မှန်လုပ်ပေါ့

တနေ့လုံးမျက်လုံးကိုခိုင်းနေတာလေ ညဆိုအနားပေးရမှာ ခုဟာကညဆိုလည်း ဒုက္ခပေးတော့ မှတ်လောက်အောင် ဒီကိုယ်ကြီးက ပညာပြတာ လူနေမကောင်းရင် စိတ်ဆိုတဲ့ကောင်က မှီရာအရပ်ကနေ အပြေးရောက်လာတာ သူပါရောင်တော်ပြန်ဖျားပြရော စိတ်ပါဖျားရင်သေပြီဆရာ အိမ်ကိုသတိရတယ် ဟူး မောပါ၏

ဘာလို့များမရပ်တည်နိုင်ရတာလဲ အသက်၃၀တဲ့ တကယ်ဆို လူကြီးလုံးလုံးဖြစ်နေရမှာ ကျွန်တော်ကလေးဆန်နေတုံးပဲ အဲ့ဒီအကျင့်ကို မပြင်နိုင်သေးတာ မကောင်းဘူး မကောင်းမှန်းလဲသိတယ် မပြင်နိုင်သေးတာလေ အိမ်ပြန်ချင်တယ် ပျင်းပျင်းပြပြကို အိမ်ကိုတမ်းတနေတယ် လုပ်ချင်တာလုပ်လို့မရတော့ဘူး အသက်၃၀ လူတွေပြောကြမယ် ထင်ရာစိုင်းနေလို့ မရတော့ပါဘူး အော် အံသြပါတယ် ၃၀ တဲ့ နေရင်းထိုင်ရင်း အသက်ကြီးသွားတာမှမဟုတ်တာ မသိလိုက်မသိဘာသာနေနေလို့ အသက်ကြီးသွားတာ အံသြနေရတာ

သိပ်ပြီးတော့လဲ အရေးမကြီးပါဘူး အသက်ကြီးသွားတာလဲ တနေ့ထမင်း ၂နပ်စား မွေ့ယာ ၁ခုမှာအိပ်ရတာပါပဲ အဲတခါတလေ ထမင်း ၂နပ်တောင်မစားမိဘူး ဟိုလိုလိုဒီလိုလိုနဲ့ ညစာလွတ်ရော အဲ့ဒါပဲလေစည်းမရှိတာ စားချိန်ရောက်ရင်စားရမှာပဲ မစားဘူး ကြာတော့ကျန်းမာရေးထိရော ကိုယ်ပါပဲ ကိုယ်မကောင်းတော့ကိုယ်ခံပေါ့ ဘယ်သူမှမသနားပါဘူး သနားဖို့လဲမလိုပါဘူး ကိုယ့်ထမင်းကိုယ်စားနေရတာလေ မဟုတ်ဖူးလား

ဘယ်သူမှလာမကျွေးပါဘူး ကျွန်တော်လဲဘယ်သူ့ကိုယ်မှ တင်မကျွေးခိုင်းပါဘူး ဟဲဟဲ စကားကတောင်ရောက်နေပြီ အဲ့လိုဘဲ မရောင်ရာဆီလူးတက်တယ် ပြောချင်တာက ခုထိမရင့်ကျက်သေးတာ လူရာမ၀င်သေးတာ အတောင်မပေါက်သေးတာ ဟူး ဘာကျန်သေးလဲ ပြောစရာ အဲ ရပြီ ကျပ်မပြည့်သေးတာ ဆိုတော့ ကျွန်တော်အတောင်ပေါက်ဖို့ ကြိုးစားလိုက်ပါအုံးမယ် အဲ့ဒီ စကားကခဏခဏ ပြောလို့မကောင်းမှန်းသိပါတယ် ခဏခဏပြောမိပါတယ် ဒီညလဲဘုန်းကနဲ အိပ်လိုက်ပါအုံးမယ် ။

Wednesday, February 16, 2011

တံခါးမဲ့


ညနက်နက်ထဲ
ကျွန်တော်တိုးဝင်နေမိတယ်
ရှေ့စီကပိုးစုန်းကြူးကို
အသာငမ်းငမ်း
လိုချင်တပ်မက်မှုနဲ့
စိတ်ဆန္ဒကကျွန်တော့်ကို
အလင်းရောင်နဲ့ဝေးရာစီ
ခေါ်ဆောင်သွားခဲ့ပြီ
ထွက်ပေါက်က
နောက်ကျောမှာရှိမှန်း
မသိခဲ့တာလား
မသွားခဲ့တာလား
ဝေခွဲမရပါ
ညနက်နက်ထဲ
ကျွန်တော်တိုးဝင်မိနေတယ်
ရပ်တန့်လို့မရတဲ့ခြေလှမ်းတွေနဲ့ .. ။

Saturday, February 12, 2011

Happy 96th Birthday ! GENERAL AUNG SAN !

HAPPY BIRTHDAY
TO
GENERAL AUNG SAN




ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား

၁၉၄၇
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား




Wednesday, February 9, 2011

လူ ...

 
နတ်ပြည် ဇိကုတ်တင်တာလဲ ငါကိုယ်တိုင်ပဲ ငရဲပြည်ကို ခုန်ချခဲ့တာလဲ ငါကိုယ်တိုင်ပဲ ကဲ ခုမင်းဘာလုပ်ချင်တာလဲတဲ့ သေချာတာက ငါ ဘာမှမလုပ်ချင်ဘူး ...
ခဏခဏ တိုက်ရတော့လဲ မတိုက်ချင်တော့ဘူး ဆန္ဒစစ်ကို တိုက်တိုင်းရှုံးသလို ရှုံးမယ်သိလဲတိုက်ခဲ့ရတယ် ခုတော့ ငါ စစ်မဲ့ဇုံမှာ နေချင်မိတယ် ဘ၀ဟာတိုက်ပွဲတဲ့ မနိပ်လိုက်တာ ...
အစွန်းရောက်တယ်ဆိုတာ တကယ်တော့ ဘေးမဲ့ပေးခံရတာ ကျွန်တော်လဲအစွန်းရောက်ချင်နေတယ် လူ့သက်တမ်းတိုတိုလေးပါ အဲ တိုက်နေရတာတော့ အကြာကြီးပဲ ...
ပြောပြီးပါပြီ ဇိကုတ်တာလဲ ကိုယ် ခုန်ချတာလဲ ကိုယ်လို့ တကယ်တမ်းက ဘာမှမဟုတ်ဘူး ခင်ဗျားကြုံဖူးမှာပါ နတ်ပြည်တက်ကြည့် မရောက်ခင်ကတော့ ဘာမှန်းမသိဘူး အမှန်ကတိမ်တွေချည်းပဲ ...
နောက်တော့ ခုန်ဆင်းလာမိတာပဲ ငရဲပြည်ရော ရောက်မှာကြောက်လို့ ကုတ်ကပ်နေတာ ဘာမှမဟုတ်ဘူး လူဆိုတာဒါပဲ သူသိတာမဟုတ်ဘူး ...
တော်ပြီဗျာ စိတ်ကိုပဲ ဦးစားပေးလိုက်ပြီ ဒီကောင်ကျေနပ်နေရင် တော်ပြီပေါ့ဗျာ သက်တမ်းတ၀က်ကြိုးနေပြီ ရပ်သင့်ပြီ ရပ်လဲရပ်လိုက်ပါပြီ ဆန္ဒစစ်ကို ...
ခင်ဗျားလိုက်လေ သူ့နောက်ကို နောက်ဆုံးထွက်သက်သာ ထွက်သွားမှာ ခင်ဗျားရလိုက်မှာမဟုတ်ဘူး ကျေနပ်ခြင်းကို သူ့ကိုဦးစားပေးနေလို့ကတော့ ခင်ဗျားကိုဝါးမြိုသွားမှာ တစ်ဘ၀လုံး ဆန္ဒဆိုတဲ့ကောင်က ...
သိတော့သိတယ် မဟုတ်ဘူးဆိုတာ အဲ့လိုနဲ့ ဂျာအေးသူ့အမေရိုက်တာ မသိရင်လဲကောင်းတယ် သိရင်လဲကောင်းတယ် သိတော့သိတယ်မလုပ်နဲ့ သွားပြီသာမှတ်တော့ ... 
ပြန်ပြောအုံးမယ်ဗျ ဇိကုတ်လဲမတင်တော့ဘူး ခုန်လဲမချတော့ဘူး ဒီအတိုင်းပဲကောင်းပါတယ် ကျွန်တော်က လူလေ ...

Sunday, February 6, 2011

ဒဏ်ရာ





အချိန်ကြာခဲ့ပါပြီ


ဒဏ်ရာကျက်သင့်ပြီ


ခုတော့အသစ်ဖြစ်ဆဲ


အနာဟောင်းက ..


တူးဆွတာမဟုတ်ပေမယ့်


အမြစ်တော့ဖေါ်မိနေတယ် ။


နာကျင်မှုကိုပဲ ငါ ..


စွဲလမ်းနေတာလား


ဒါမှမဟုတ်


တပ်မက်နေတာ ..


နင့်ကိုတွေးမိတိုင်း


ရင်ဘက်တခြမ်းက


အောင့်လာတယ်


အဲ့ဒီအတွေးကို ငါ မရပ်တန့်နိုင်ဘူး ။


“ကြယ်ကြွေသလို ကြွေမယ်ဆိုရင်တောင် ကျွန်တော်ကြွေသလိုတော့ ခင်ဗျား .. မကြွေနိုင်ဘူး ။”


သချာတာက နင်မလွမ်းခဲ့ပါဘူး ငါ့လွမ်းသလို ... ။ 

ကျွန်တော်

 
“The Desire of The Moth for The Star,

of The Night for The Morrow”

“ကြယ်ကိုလိုချင်သော ပိုးစုန်းကြူး၏ ဆန္ဒ၊

နံနက်ကိုလိုချင်သော ည၏ ဆန္ဒ”

By Shelley

အမေ ကျွန်တော် နံနက်ကိုလိုချင်မိတဲ့
ပိုးစုန်းကြူးတစ်ကောင်ပါ ..
ဆန္ဒဆိုတာ ဘ၀တစ်ခု
ဖြစ်မလာနိုင်မှန်း ..
ကျွန်တော်မတွေးမိခဲ့ဘူး အမေရယ် ။

Saturday, February 5, 2011

ဓီရာမိုရ် - ငါတို့အိမ်


                                                                             
                                                                          ငါတို့အိမ်
တေးရေး - အရိုး

တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက် တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

ဓီရာမိုရ် - ငါတို့အိမ်